မြိတ် ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏ ဝမ်းစာဖူလုံရေးအတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ပိုမိုလျာထားပြီး တောင်သူများ၏အခက်အခဲများနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် မြိတ်မြို့နယ်အတွင်းရှိ တောင်သူများတွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဝမ်းစာဖူလုံမှုရှိအောင် တောင်သူများ၏ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာမယ့်နှစ်တွင် မိုးစပါး၊ နွေစပါး လျာထားဧကအတွက် မျိုးစပါးများဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးပြီး မြိတ်ခရိုင် လယ်သမားအစုအဖွဲ့သို့ စုပေါင်းချွေလှေ့စက်နဲ့ ထွန်စက်များဝယ်ယူဖြည့်ပေးခဲ့ကာ အဆိုပါ ရိတ်သိမ်းချွေလှေ့စက်နှင့် ထွန်စက်များအား မြိတ်ခရိုင် စပါးစိုက်တောင်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းမှ တောင်သူများအား လယ်ယာဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းဝမ်းစာဖူလုံရန် စပါးစိုက်ဧကတိုးချဲ့တာထက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် မိုးစပါးကို ဧက(၂)သိန်းကျော်စိုက်ပျိုးကြပြီး နွေစပါးအနေနဲ့ စိုက်ပျိုးမှုနည်းပါးကြောင်း၊ တိုင်းဒေသကြီး ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၂.၈၇)ရာခိုင်နှုန်းသာရှိကြောင်း၊ ဒေသခံများစားသုံးရန် ဆန်တန်ချိန်(၃)သိန်းခန့်လိုအပ်ကြောင်း၊ ဆန်စပါးထွက်ရှိမှုအနေဖြင့် ဆန်တန်ချိန် (၂)သိန်း(၂)သောင်းခန့်သာထွက်ရှိသည့်အတွက် ဆန်တန်ချိန်(၇)သောင်းကျော်လိုအပ်ကြောင်း၊ ယခုထက်ပိုမိုပြီး ဒေသဝမ်းစာဖူလုံမှုရှိအောင် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တောင်သူများအနေနဲ့ စပါးအထွက်တိုးရန်အတွက် စိုက်ပျိုးပေးကြစေလိုကြောင်း ဝန်ကြီးချုပ်က တောင်သူများအား တိုက်တွန်းစကားပြောကြားခဲ့သည်။
တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မိုးစပါးစိုက်ဧက(၂၂၃၇၄၇)ဧကနှင့် နွေစပါးစိုက်ဧက(၇၉၆၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါးနေဖြင့် တစ်ဧကအထွက်နှုန်း(၇၁.၇၉)တင်းနှုန်းထွက်ရှိခဲ့၍ လာမယ့်နှစ်တွင် စပါးစိုက်ဧကများမှ အထွက်တိုးမျိုးစပါးပြောင်းလဲစိုက်ပျိုးရန် တစ်တိုင်းလုံးတွင် မိုးစပါးကို(၅၆၈၂၄)ဧကနှင့် နွေစပါးကို(၁၆၃၁) ဧကစိုက်ပျိုးရန်လျာထားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးပညာပေးခြင်းနှင့် သွင်းအားစုများကို ဈေးနှုန်းချိုသာစွာဖြင့် ပံ့ပိုးရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စပါးအထွက်တိုးစေရန် တောင်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး