ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာမှ မြေလွှာခွဲကရိယာ (Subsoiler) သရုပ်ပြပွဲပြုလုပ်

ဟင်္သာတ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ Subsoiler မြေလွှာခွဲကရိယာ အသုံးပြုနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စုရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် မြေနေရာတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများအား Subsoiler မြေလွှာခွဲကိရိယာ အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အားသာချက်များအား အမှတ် ၂ အလတ်စား စက်ပြင်အလုပ်ရုံမှုး ဦးဇော်လွင်ဦးက ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်ကျော်သန်းမှ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

မြေလွှာခွဲကိရိယာ (Subsoiler) အသုံးပြုခြင်းဖြင့် သီးနှံပင်၏ အမြစ်များ မြေလွှာအောက်ခြေထိ တိုးဝင်နိုင်စေခြင်း၊ မြေလွှာအနက် တစ်ပေမှ တစ်ပေခွဲခန့်အထိ ထွန်ယက်နိုင်သဖြင့် ရေစိမ့်ဝင်မှုအားကောင်းစေခြင်း၊ မြေလွှာသိပ်သည်းမှု ကြောင့် သီးနှံအထွက်နှုန်း ကျဆင်းမှုကို ဖြေရှင်းပေးပြီး အထွက်နှုန်းတိုးစေခြင်းနှင့် မြေလွှာအနက်တွင် ခိုအောင်းနေသော ပိုးမွှားများကို သေစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုတင်ထံမှ သိရ သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ ကုန်းကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ တောင်သူများ စုစုပေါင်း ၁၀၀ ဦးတို့မှ တက်ရောက်ကြည့်ရှု လေ့လာကြသည်။

ကိုဇော် - ဟင်္သာတ