ပုသိမ် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ နိုင်ငံတော်အနေဖြင့်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်မူဝါဒ၊ရည်မှန်းချက်များချမှတ်ကာမြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက် ဗဟိုကော်မတီနှင့်တိုင်းဒေသကြီးလူငယ် ရေးရာကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အနာဂတ်တာ၀န်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များကိုဘက်ပေါင်းစုံ အရည်အသွေး ပြည့်၀လာစေရန်စနစ်တကျပြုစုပျိုးထောင်းပေးရမည်ဖြစ်ကြောင်း၊ ကော်မတီ၀င်များအနေဖြင့်မိမိတို့ဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းနိုင်မှုကြောင့် မူဝါဒရည်မှန်းချက်များ အပေါ်ပီပြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာနဒုတိယဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)