ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက  Book  Club  နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မြတ်ငြိမ်း၏  "ဖေဖေပေးခဲ့မယ့်အမွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ် နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book  Club  အဖွဲ့ဝင် ဒေါ်သန်းသန်းအေးက ''နှစ်လိုဖွယ် ကောင်းခြင်း" ဆောင်းပါးနှင့် Book  Club  အဖွဲ့ဝင် ဦးအေးမြင့်က ''အခွင့်အလမ်း" ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ဆောင်းပါးများတွင် ပါဝင်သည့် အကြောင်းအရာများထဲမှ "နှစ်သက် သဘောကျခံရခြင်းသည် ရွံရှာမုန်းတီးခံရခြင်းနှင့် ပြောင်းပြန်ဖြစ်ကြောင်း၊ အမုန်းမခံချင်လျှင် အခင်မင်ခံရစေရန် မည်သို့လုပ်ဆောင်ရမည်ကို လေ့လာဆည်းပူးရမည် ဖြစ်ကြောင်းနှင့် ကမ္ဘာလောကကြီးတွင် အချိန်အခါနှင့် အခွင့်အလမ်း သည် လူတိုင်းဆီကို လာမည်ဖြစ်ပြီး ထိုနှစ်မျိုးစလုံးကို အရယူနိုင်စေရန် အသင့်စောင့်စား၍ အသုံးချမည်ဆိုပါက အောင်မြင်မှုရနိုင်မည် ဖြစ်ကြောင်း" တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)