ငပုတော ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ရွှေတောင်သီလရှင်ကျောင်းတိုက် ဆောက်လုပ်ရန် မြေလှူဒါန်းခြင်း၊ မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ငပုတောမြို့ မြောက်ပိုင်း ရပ်ကွက်၊ ရွှေတောင်သီလရှင် ကျောင်းဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မတည်-အလှူရှင် ဦးဟန်တင်မောင်၊ ဒေါ်စန်းမြင့် (ဟန်သာသူ) မိသားစုနှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃာ့ဝန်ဆောင် တောရ ကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာစက္က အရှင်သူ မြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည် ကြပြီး မတည်အလှူရှင်များက ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်ကျောက်၊ ပန္နက်တော်များနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆရာတော်များထံ သဟတ္တိက ဒါနမြောက်စွာ ဆပ်ကပ်လှူဒါန်းကြပြီးနောက် ဆရာတော်၊ သံဃာတော် များ ရွတ်ဖတ်သရဇ္ဇာယ်တော် မူအပ်သောအနန္တရာယိက ကမ္မဝါနှင့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်ပြီး ဥပါသကာများက ပရိတ်ပန်းတို့ကို ဆရာတော်၊ သံဃာတော်များထံမှ ယူဆောင်၍ သာသနဝတ္ထုကံ မြေပြင်တော်ပတ်လည်တွင် ပတ်ဖျန်းချည်နှောင်ကာ ပန္နက်တော်တင်မည့် ဥပါသကာများနှင့် အလှုရှင်များက မင်္ဂလာ အချိန်ကြရောက်သည်နှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဆင်ယင်ကျင်းပကြပြီးနောက် အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး မြို့နယ် သာသနာရေးဦးစီးမှက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်မှားယွင်းမှုများ ရှိပါက ခွင့်လွှတ်ပေးနိုင်ပါရန် တောင်းပန်သည့် မင်္ဂလာစာတမ်းအား ဖတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဝေဠုဝန်ကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏ သာမိအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကြည်ညိုခဲ့ပြီး မဟာစည်သာသနာ့ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယက ဆရာတော် ဦးတေဇိန္ဒအရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ သည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြသည်။
အဆိုပါ ရွှေတောင်သီလရှင်ကျောင်းတိုက်အား မြို့နယ်သံယာ့နာယက၏ သြဝါဒကိုခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှုခံယူကာ မတည်-အလှူရှင်မိသားစုက ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် ရွှေတောင်သီလရှင်ကျောင်း တိုက် ဆောက်လုပ်မည့် မြေနေရာတွင် အလျား (၁၉)ပေ၊ အနံ(၂၈ ပေ ခွဲ) ကျောင်းဆောင်(၁)လုံး၊ အလျား (၅၄)ပေ၊ အနံ (၂၈)ပေ ကျောင်းဆောင်(၁)လုံး၊ အလျား (၂၉)ပေ အနံ(၅၇)ပေ ကျောင်းဆောင် (၁)လုံး၊ အလျား( ၁၂)ပေ ၊အနံ (၂၈ ပေခွဲ) ကျောင်းဆောင်(၁)လုံး စုစုပေါင်း ကျောင်းဆောင် (၄)လုံးဆောက်လုပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)