မြဝတီ ဖေဖော်ဝါရီ ၂၃
ကရက်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ ယခုထောက်ပံ့ငွေများအား ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ကြဖို့မှာကြားစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ထောက်ပံ့ကြေးငွေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဦးအောင်မင်းစိုးတို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ကြေးများပေးအပ်သည်။
ယခု ထောက်ပံ့ပေးအပ်ခြင်းသည် တတိယ(၃)လပတ်အတွက် အဘိုးအဘွား ၂၄၄ ဦးတို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကာ ပထမ(၃)လပတ်တွင် အဘိုးအဘွား ၂၂၅ ဦးနှင့် ဒုတိယ(၃)လပတ်တွင် အဘိုးအဘွား ၂၄၀ ဦးတို့ကို ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်