မြဝတီမြို့၌ မြေခွန်အပြေအကြေ ကောက်ခံပေးသွင်းသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြဝတီ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်(၄)မျိုးမှ မြေခွန်အပြေအကြေ ကောက် ခံပေးသွင်းခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများအား  ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်းသိသည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် အခွန်အခများဖြင့်သာ တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနလုပ်ငန်းရည်မှန်းချက်တာဝန်များတွင်လည်းပါဝင်ပါကြောင်း၊ အခွန်အခ ပေးသွင်းသူများကိုလည်း မိမိတို့ရဲ့လုပ်ဖော်ကိုင်ဖက်များအနေဖြင့် မှတ်ယူပေးစေလိုပါကြောင်းနှင့် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးတို့ က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း မြေခွန် အပြေအကြေ  ကောက်ခံပေးသွင်းခဲ့သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများအား  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)