ကျွန်းစု ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်း သား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူများအရှေ့တွင်ပြောရဲဆိုရဲရှိစေရန်၊ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်ရန်လိုအပ်ပြီး မိမိအားပေးအပ်လာသောအခမ်းအနားတွင် တာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူး သင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အခမ်းအနားမှူး တစ်ဦးတွင်ရှိရမည့်အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု များနှင့် သတိပြုရမည့်အချက်များကို သင်ကြားပို့ချသည်။
ထို့နောက် မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က အခမ်းအနားမှူးအဖြစ် အသံသြဇာနှင့်ပြည့်စုံနိုင်ရန် လေ့ကျင့်ရန်၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲနှင့်သင်တန်းအခမ်းအနားများတွင် အခမ်းအနားမှူးအနေဖြင့် အစီအစဉ်အစအဆုံး တည်ငြိမ်စွာ ဦးဆောင်နိုင်သည့် အရည်အချင်းရှိရန်လိုအပ်ကြောင်း သင်ကြားပို့ချခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ Grade–8 နှင့် Grade-11 ဖြေဆိုပြီးသူ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး အား စာတွေ့ ၊လက်တွေ့လေ့လာသင်ယူပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)