ကျုံပျော် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ဗိုလ်ချုပ်လမ်း၊ မြဝတီရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူ သည့် မြို့ကျက်သရေဆောင် မြတ်ချမ်းသာကိုယ်ပွားတော်နှင့် ရတနာရံသီ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်များကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် မြို့အတွင်းသို့ လှည့်လည်အပူဇော်ခံခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည် အပူဇော်ခံခြင်းကို မြဝတီရပ်ကွက်ရှိ မြတ်ချမ်းသာစေတီတော် မြတ်ကြီးမှတစ်ဆင့် ကန္နားလမ်း၊ မင်္ဂလာလမ်း၊ ဗိုလ်ချုပ်လမ်း၊ အင်းရဲလမ်းနှင့် တာသစ်လမ်းတစ်လျှောက် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်း များ၊ ပရဟိတလူငယ်များ လိုက်ပါဆောင်ရွက်ခဲ့ကြကာ၊ အလှူရှင် အသီးသီးကလည်း ကြည်ညိုသဒ္ဓါပွားများခြင်း၊ အလှူငွေ ထည့်ဝင်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စိန်ဖူးတော်၊ ထီးတော်များ အသစ်တင်လှူ ပူဇော်ခြင်း၊ ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ အရန် စေတီတော်များတွင် ထီးတော်အသစ်တင်လှူခြင်းတို့ကို မတ်လ ၅ ရက်၊ တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လှူဒါန်းမှုများအတွက် ကျုံပျော်ခရိုင်အတွင်းမှ ဌာနဆိုင်ရာများနှင့် အလှူရှင် အသီးသီးတို့ကလည်း စုစုပေါင်း လှူဒါန်းငွေကျပ် (၁၈၅၄၁၆၀၀) အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)