ကျိုက်လတ်မြို့နယ် မြို့ဝင်၊ မြို့ထွက်ဂိတ်များ၌ စစ်ဆေးရေးဆောင်ရွက်

ကျိုက်လတ် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် မြို့နယ်၏လုံခြုံရေးအတွက်မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေး ဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ အတန်းတင်စာ မေးပွဲများဖြေဆိုနိုင်ရေး၊ ဒေသခံပြည်သူများနှင့် မြို့နယ်၏ လုံခြုံရေး ၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအတွင်းမလိုလားအပ်သော အဖျက်အမှောက်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များအနေဖြင့် စနစ်တကျ စစ်ဆေးရန်၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံစေရန်၊ မပျက်မကွက် တာဝန်ထမ်းဆောင်ရန် နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်းသိရသည်။

ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)