ဒေးဒရဲမြို့နယ်တွင် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စုအတွင်းရှိ စားကျက်မြေများကို အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ (၆၈)နှင့်အညီ စိုက်ပျိုးမြေ အဖြစ်အသုံးပြုရန် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုခဲ့ပြီးဖြစ်၍ လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျုံဒါတ်ကျေးရွာတွင်ရှိသော စားကျက်မြေများတွင် (၁၉၇၉-၈၀)ခုနှစ်က စတင်၍ တောင်သူများက စပါးသီးနှံစိုက်ပျိုးလျက်ရှိကြောင်း တွေ့ရှိရပြီး တောင်သူများစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် မြေဧရိယာများကိုစိစစ်၍ စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ(၆၈)နှင့်အညီ မြေဧရိယာ (၁၂၄၂.၀၀)ဧကကို ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် လက်ရှိစိုက်ပျိုးလျက်ရှိသော တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ ထုတ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးနိုင်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ကျုံဒါတ်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၃၆)၊ ကျုံကနပ်စားကျက်ရှိ ဦးပိုင်ပေါင်း (၄၅)ခု ၊ ဧရိယာ (၂၇၃.၀)ဧက၊ ကွင်းအမှတ်(၃၃၇-ခ) သံဒိပ်စားကျက်ရှိ ဦးပိုင်ပေါင်း (၁၁၅)ခုမှ (၉၂၉.၅၈)ဧကနှင့် ကွင်းအမှတ် (၃၃၉-က) ဝဲပဒဲစားကျက်ရှိ ဦးပိုင်ပေါင်း (၈)ခုမှ (၃၆.၁၃)ဧက စုစုပေါင်း (၁၂၃၈.၇၂)ဧကအား လက်ရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူ (၁၂၃)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)များအား လယ်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူဦးခင်မောင်အေးက လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်များရရှိရေး ဆောင်ရွက်ပေးခဲ့သော ဌာနဆိုင်ရာများကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း