ရေနံချောင်းမြို့၌ အလုပ်ခွင်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်း အကျိုးခံစားခွင့်ပေးအပ်

ရေနံချောင်း ဖေဖော်ဝါရီ  ၂၃

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ခွင့်ပြုငွေထုတ် ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းပသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်၊ မြို့နယ်လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်နွယ်နီဝင်း နှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ DENKO စက်သုံးဆီအရောင်းဆိုင် မန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်းအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် DENKO စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းဖြစ်သည့် ဦးအောင်‌ဌေးလင်းသည် ရေနံချောင်းမြို့နယ်တွင် ပြောင်းရွေ့တာဝန်ထမ်းဆောင်းစဉ် အလုပ်တွင်ထိခိုက်သေဆုံးခဲ့သည့်အတွက် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်း အကျိုးခံစားခွင့်  ခွင့်ပြုငွေကျပ် သိန်း ၉၀ ကို ဇနီးဖြစ်သူ ဒေါ်လှမြင့်သူထံသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်