ရွှေကျင် စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ တွေ့ကြုံရသောေ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်လျက်ရှိသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၇)ရွာ၌ Cash for Work စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ် ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၇) ရွာတွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်း(၁၁)ခု၊ ကျန်းမာသန့်ရှင်းရေးလုပ်ငန်း(၃)ခု၊ ပညာရေးဆိုင်ရာ အဆောက် အဦများပြုပြင်ခြင်းလုပ်ငန်း(၂)ခု နှင့် အခြားလုပ်ငန်း(၁)ခု၊ စုစုပေါင်း လုပ်ငန်းခွဲပေါင်း(၁၇)ခုတို့ကို ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်သော နည်းပညာများပံ့ပိုးပေးပြီး အဆိုပါကျေးရွာ များမှ ဒေသခံပြည်သူများအား ၀င်ရောက်လုပ်ကိုင်စေ၍ လုပ်အားခပေးချေခြင်းစနစ်ဖြင့် ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလ တတိယပတ်အတွင်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)