မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့ စက်ဖြင့်အသိပညာပေးနှိုးဆော်

ငဖဲ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက် များတွင် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ငဖဲမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးမှကြီးကြပ်၍ တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့်အရေးကြီးအကြောင်း ကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊လိုအပ်ချက်အရ နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း mask တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ ကိုယ်အပူချိန်တက်ခြင်း၊ ဖျားနာခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း၊ အသက်ရှုမွန်းကြပ်ခြင်းစသည့် လက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မိမိတို့မြို့နယ်အတွင်းသို့ပြန်လည် ဝင်ရောက် လာသူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနသို့ သတင်း ပို့ကြရန်နှင့် မြို့နယ်အတွင်းရှိအများပြည်သူ များထံသို့ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုမရှိစေရေးကြိုတင်၍ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများသို့ အသိပေးပြန်ကြားချက် အပေါ် တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် ငဖဲမြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်တို့၌ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)