ကျွန်းလှ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာနှင့် မကျီးအင်းကျေးရွာတို့တွင် ချောင်းရေတင်စိုက်ပျိုးသော ဟင်းသီးဟင်းရွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရ သည်။
“ကျွန်တော် ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ချောင်းရေတင်ပြီး ကန့်လန့်နဲ့ ပန်းမုံလာသီးနှံကို အဓိကထား စိုက်ပျိုးခဲ့ပါတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းရရှိပြီး မိသားစုအဆင်ပြေခဲ့ပါ တယ်။ အခုအခါ ပန်းမုံလာနဲ့ ကန့်လန့်သီးနှံ တိုးချဲ့စိုက်ပျိုးထားပါတယ်” ဟု ရှမ်းစုကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးက ပြောပြ သည်။
အဆိုပါ ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံရရှိရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်မှုအနေ ဖြင့် လက်ရှိအချိန်အထိ ၁၀၆၂ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ