ပခုက္ကူ ဖေဖော်ဝါရီ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြက်ခြေနီရှေးဦး ပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းကို ပခုက္ကူခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင်ဝင်း၏အနီးကပ်ကြီးကြပ်မှုဖြင့် အသင်းဝင်နည်းပြများက “ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများ၊ လူနာစစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အပူလောင်ခြင်းနှင့်အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့် ဖြစ်ခြင်းနှင့် သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများမှကိုက်ခံခြင်း၊ အရိုး ကျိုးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ အခြေခံအသက်ကယ်နည်း၊ လူနာကိုင်ဆောင်နည်းနှင့် သယ်ဆောင်နည်း” စသည့်အခြေခံရှေးဦးပြုစုနည်းဘာသာရပ်များကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးလျက်ရှိရာ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅) မှသင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းသူများအနေဖြင့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်နည်းအတတ်ပညာရပ်များအပြင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း ဘာသာရပ်များကိုစနစ်တကျသင်ကြားပေးခြင်းဖြင့် လူမှုရေးနှင့်ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အနာဂါတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ရမည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
(၃၄၀)