မြောင်းမြ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်ပေါ်တွင် တည်ထားပူဇော်မည့် ဆင်ဖြူတောင်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နား၊ ထီးတော်နှင့် ပြည်လုံးကပ်ကာစေတီတော် စိန်ဖူးတော်တို့ကို မြောင်းမြမြို့နေ ပြည်သူများ ဖူးမျှော် ကြည်ညိုနိုင်ရန်အတွက် ယမန်နေ့ညနေ ၄:၃၀ အချိန်က မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့သည်။
မြစိမ်းရောင်တောင်ပေါ်ရှိ ပြည်လုံးကပ်ကာဘုရား စိန်ဖူးတော်သည် လေပြင်းဒဏ်ကြောင့် စိန်ဖူးတော် မြေခခဲ့ရာ ယခုနှစ် မတ်လ ၄ ရက်နေ့ တပေါင်းလဆန်း ၁၄ ရက် အဖိတ်နေ့တွင် စိန်ဖူးတော်အသစ် တင်လှူပူဇော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ မတ်လ ၅ ရက်နေ့၊ တပေါင်းလပြည့်နေ့တွင် အသစ်ပြန်လည် တည်ထားကိုးကွယ်ပူဇော်မည့် အမရဝတီ ဆင်ဖြူတောင်ဘုရား၏ စိန်ဖူးတော်၊ ငှက်မြတ်နား၊ ထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတို့ကို မြို့တွင်း လှည့်လည်အပူဇော်ခံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါ လှည့်လည်ခဲ့ကြောင်း သိရသည်။
ပြည်လုံးကပ်ကာဘုရား စိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားနှင့် အမရဝတီ ဆင်ဖြူတောင်ဘုရား တည်ထားကိုးကွယ်ပြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နား တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားတို့တွင် မြန်မာပြည်ကျောက်စိမ်းအဖွဲ့ မြန်မာ့ဆိုင်းဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။ နိုင်ငံတော် အဆိုကျော် မန္တလေးသိန်းဇော်နှင့် စိုးစန္ဒာထွန်းတို့က သီကျူးပူဇော်ဧည့်ခံ ဖျော်ဖြေမည်ဖြစ်ပြီး၊ လှူဒါန်းလိုသူများရှိပါက လှူဒါန်းနိုင်ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်