ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တောင်သူလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများ ဖြစ်ပေါ်လာစေရေး တောင်သူများအား တိုက်ရိုက်ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းစိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးစိန်မောင်မြင့်က တက်ရောက်လာကြသည့် တောင်သူဦးကြီးများအား ဧရာဝတီတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တောင်သူဦးကြီးများ၏ စွမ်းဆောင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံရပ်ခြားသိုတင်ပို့နေသည့် ဆန်စပါးတန်ချိန် နှစ်သောင်းကျော်တွင် ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ဆန်စပါးအရေအတွက် ထက်ဝက်ခန့်ရှိကြောင်း၊ ယခုသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များကို စိတ်ဝင်စားမှု့အပြည့်ဖြင့် လေ့လာမှတ်သား ကြစေလိုကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် မျိုးစေ့နမူနာယူခြင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း၊ ဖျက်ပိုးများကာကွယ်နှိမ်နှင်း ရာတွင် ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းပါက သတိပြုရမည့်အချက်များ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းများ၊ တန်ဘိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ မြေဩဇာအမျိုးအစားနှင့် မြေဩဇာထည့်သွင်းနည်းများ အစရှိသော ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပို့ချရာသို့ ပုသိမ်ခရိုင်အတွင်းရှိ ကန်ကြီးထောင့်၊ ငပုတော၊ ပုသိမ်မြို့နယ်တို့မှ တောင်သူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး သင်တန်းပို့ချခြင်းကို (၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်