ဆောင်းဆီထွက်သီးနှံ (နေကြာ)တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀)စံပြကွက် ရွက်ဖျန်းမြေဩဇာ ထောက်ပံ့

ဘားအံ ဖေဖော်ဝါရီ ၂၃

ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် အစရှိသော ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည်  ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု မင်းဇီတောင်သူကွင်းရှိ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀) ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်တောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးစေခဲ့ရာ ဘားအံခရိုင်အတွင်း ၂၀၂၃ ခုနှစ် ဆီဖူလုံမှုရာခိုင်နှုန်းအနေဖြင့် ၁၄၇ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ဖို့မျှော်မှန်းထားပြီး ၂၀၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဆောင်ရွက်ရန်လမ်းညွှန်ထားကြောင်း၊ ဆီထွက်သီးနှံများကို မြေလွတ်၊ မြေလပ်မကျန် တိုးချဲ့စိုက်ပျိုး ရန်လိုအပ်သကဲ့သို့ ဆီထွက်နှုန်းကောင်းမွန် သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးထုတ် လုပ်သည့်တောင်သူများအကျိုးအမြတ်ရရှိစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရေး လိုအပ်သည့် သွင်းအားစုများကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ပေါ့ထော်ကျေးရွာအုပ်စုနေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပြည်နယ်တာဝန်ခံ ဦးစောကျော်ကျော်လင်းက ပျားမွေးမြူရေးဆိုင်ရာများအား ရှင်းလင်းတင်ပြကာ  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေကြာနှစ်ဧကလျှင် ၅၀၀ ဂရမ်ပါရှိသော ရွက်ဖျန်းမြေဩဇာ တစ်ထုပ်နှုန်းဖြင့် နေကြာဧက (၁၀၀)အတွက် ရွက်ဖျန်းမြေဩဖာ ၅၀ ထုပ်အား တောင်သူများထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ပြည်နယ်တာဝန်ခံက နေကြာစိုက်ခင်းများအတွင်း ပျားဖြင့် ဝတ်မှုံကူးခြင်းအား လက်တွေ့ရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းဆီထွက်သီးနှံ(နေကြာ) တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)စံပြကွက်အား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ပေါ့ထော်ကျေးရွာအုပ်စုတွင် ဆောင်းဆီထွက် သီးနှံ နေကြာ ၂၂၃ ဧက၊ ပဲပုတ် ၅၇၃ ဧက၊ မြေပဲ ၇၆၈ ဧက၊ နှမ်း ၆၉၁ ဧက စုစုပေါင်းဆီထွက်သီးနှံ ၂၂၅၅ ဧကကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဆက်လက်၍ ဈေးကွက်ဝင်မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို  ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မှိုပညာရှင်များက မှိုအမျိုးမျိုးအကြောင်းသိကောင်းစရာ၊ မိခင်မှို မျိုးသန့်နှင့်သီးနှံမှိုမျိုးစေ့ပြုလုပ်နည်း၊ ကောက်ရိုးမှိုစိုက်ပျိုးနည်း၊ မှိုစိုက်ထုပ်ပြုလုပ်ခြင်း၊ ပေါင်းတင်ပိုးသန့်စင်ခြင်းနှင့် မျိုးသွင်းခြင်း၊ ရင့်ကျက်ခန်းတွင်တွေ့ကြုံရသည့်အခက်အခဲများ၊ ကောက်ရိုးမှိုစိုက်ပျိုးခြင်း၊ ငွေနှင်းမှို/ကြွက်နားရွက်မှို စိုက်ပျိုးခြင်းနှင့်တွေ့ကြုံရသည့်အခက်အခဲများ၊ မှိုမျိုးသွင်းခြင်း၊ ဆေးဘက်ဝင်မှိုများအကြောင်း သိကောင်းစရာ အစရှိသော ဈေးကွက်ဝင်မှို စိုက်ပျိုးထုတ်လုပ်သည့်နည်းပညာများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းမှ သင်တန်းသား၊သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနာယကပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး အေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အေဂျင်စီအတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားမှူးက နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပြည်နယ်အဆင့် အေဂျင်စီများက MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာအစားအစာနှင်အဖျော်ယမကာ ထုတ် လုပ်မှုကဏ္ဍ၊ ရာဘာနှင့် စိုက်ပျိုးရေးကဏ္ဍ အစရှိသော ကဏ္ဍအသီးသီးတွင် ဒေသအတွင်း စွန့်ဦးတီထွင်သည့် ထုတ်ကုန် များထုတ်လုပ်နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)