ညောင်တုန်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ နေရပ်ပြန်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေး

ညောင်တုန်း       စက်တင်ဘာ       ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ နေရပ်ပြန်လာသူများ လိုအပ်သည်များကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အ-ထ-က (၁) စောင့်ကြည့်ရေးစင်တာ၌ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ ကျန်းမာရေးဝန်ထမ်းများ၊ Road Of Future Youth Network (အနာဂတ်လမ်း လူငယ်ကွန်ရက်) အဖွဲ့နှင့် တာဝန်ရှိသူများက စင်တာတွင်းရှိနေထိုင်နေသော နေရပ်ပြန်လာသူများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အိပ်ဆောင်များတွင် ရေ/မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ လက်ဆေးရန် ဘေစင်များထားရှိပေးခြင်း၊ နေရပ်ပြန်လာသူများအနေဖြင့် စင်တာ၌ နေထိုင်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှတဆင့် အကူအညီတောင်းခံနိုင်ကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် (Stay at Home) နေထိုင်ရေး သတ်မှတ်ထားသောမြို့နယ်များမှ နေရပ် ပြန်လာသူများမှာ စက်တင်ဘာလ ၂၈ ရက်နေ့အထိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ ၂၀ ခုတွင် နေရပ်ပြန်လာသူ ၃၉၀ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှနေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များမှ လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)