ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (ပဥ္စမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပုသိမ်မြို့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးသူရနိုင်က ကလေးအလုပ်သမား ပပျောက်စေရေးဆိုင်ရာကော်မတီ၏ အောက်တွင်ရှိသော လုပ်ငန်းကော်မတီ(၈)ခုအနက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကျောင်းပြင်ပ ရောက်ရှိနေသော ကလေးများအား မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေ တိုးတက်ရေး၊ အန္တရာယ်ရှိသော အလုပ်အကိုင်များတွင် ကလေးအလုပ်သမားများ ပပျောက်စေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်းနှင့် သင်တန်းကာလတွင် မခိုမကပ်ဘဲ ဆရာများ၏ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာဆည်းပူး သင်ယူကြစေလို ကြောင်း၊ သင်ယူရရှိလာမည့် အတတ်ပညာနှင့် ကျွမ်းကျင်မှု များကိုအသုံးချ၍ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလို ကြောင်း ပြောကြားခဲ့သည်။
အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသို့ ပုသိမ်မြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်