ဆောင်းသီးနှံ ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ချောင်းဦး ဖေဖော်ဝါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သည် နိုင်ငံတော်၏ အဓိကသီးနှံ (၁၀)မျိုးအနက် ကြံသီးနှံမှလွဲ၍ ကျန်သီးနှံကိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆောင်းသီးနှံ ဂျုံကို နှစ်စဉ်ဧကတစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေကြောင်း သိရသည်။

ယခုနှစ်တွင် စိုက်ပျိုးထားသော ဂျုံစိုက်ခင်းများမှာ အပင်ဖြစ်ထွန်းမှု အားကောင်းပြီး အနှံများ စုံနေပြီဖြစ်ကြောင်း၊ ဂျုံအထွက်နှုန်း တိုးရေးအတွက် တောင်သူများအား ပညာပေးသင်တန်းများ ပို့ချပေးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပုလဲဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက် ပေးသဖြင့် တောင်သူများအတွက် များစွာ အထောက်အကူဖြစ်ကြောင်း ကျီကုန်းကျေးရွာရှိ တောင်သူဦးမြထံမှ သိရသည်။

ချောင်းဦးမြို့နယ်၌ ဂျုံသီးနှံကို စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီသည့် ရေဆင်း၁၁၊ ရေဆင်း၁၂ မျိုးများကို တောင်သူများ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ပြန့်ပွားရေး ဆောင်ရွက်ထားကြောင်း၊ ဂျုံတစ်ဧကလျင် ၃၅ တင်းမှ တင်း ၅၀ အထိ ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် ငွေကျပ် ၃ သိန်းခွဲခန့် ရှိပြီး ယခုနှစ် ဂျုံတစ်တင်း ၅၂၀၀၀ ကျပ် ဖြစ်၍ တစ်ဧက ငွေကျပ် ၁၀ သိန်းကျော် အမြတ်အစွန်းရရှိကြောင်း၊ ဌာနအနေဖြင့် ဂျုံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေး လုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဂျုံရိတ်သိမ်းပြီး အကွက်များအား မိုးကြိုပဲတီစိမ်း၊ နွေနှမ်း၊ နေကြာများ စိုက်ပျိုးနိုင်စေရေး ဆက်လက်၍ လိုအပ်သည့်မျိုး၊ ဓာတ်မြေသြဇာ၊ နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)