ဘိုကလေး ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့နယ်ကျက်သရေဆောင် ဆွမ်းလောင်းဓမ္မာရုံကြီးတွင် ဖေဖော်ဝါရီ(၁၉)ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီ(၂၃)ရက်နေ့အထိ (၄၃)ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသန ပါလ စာမေးပွဲကျင်းပပြုလုပ်ရာ ယနေ့(၄)ရက် မြောက်နေ့တွင် စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေ ရှင်သာမဏေ(၁၆၉)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး သိန်းထွေးမွန်၊ ရဲမှူး မျိုးအောင်ထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့မှ နေ့ဆွမ်းများနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နေ့ဆွမ်းဆက်ကပ်မှုနှင့် လှူဒါန်းမှုအစုစုတို့အတွက် မဟာဝိသုတာရာမကျောင်းတိုက် ဆရာတော်မှ သီလပေး တရားတော်များ ဟောကြားခဲ့ပြီး ဆွမ်းလှူဒါန်းသူများနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ရေစက်သွန်းချ တရားတော်များ နာကြားခဲ့သည်။
ယနေ့ကျင်းပသည့် (၄)ရက်မြောက် စာဖြေနေ့တွင် အာဂုံတန်းအနေဖြင့် ပရိယတ္တိဘာသာ၊ ဥပစာ (ခ)တန်း၊ ပထမငယ်နှင့် ပထမလတ်တန်းများ အနေဖြင့် မာတိကာ ဓါတုကထာ ဘာသာတို့အား အသီးသီးဖြေဆို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)