ပုသိမ် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ဖေဖော်ဝါရီလ ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး၍ မိမိတို့ အရပ်ဒေသ၌ပင် ကျင်လည်နေမည့်အစား နိုင်ငံတကာမှ အသိပညာဗဟုသုတများကို လေ့လာဆည်းပူးကြရင်းဖြင့် မိမိတို့၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်သွားကြရေး ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပုသိမ်ပညာရေး ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ခွန်အားဖြစ်စေရန် စာပေဗဟုသုတများကို များများ ဖတ်မှတ်လေ့လာကြရန်နှင့် မိမိကိုယ်ကိုကောင်းအောင် ကြိုးစားကြရင်းဖြင့် နိုင်ငံတော်ကြီးကို ကောင်းမွန်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရေး မှာကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံက မိမိအသိစိတ်ကို မြှင့်တင်ကာ ကြိုးစားလို သော စိတ်အစဉ်ဖြင့် မိမိဘဝမြင့်မားကာ နိုင်ငံတော်ကြီး၏ဂုဏ်ကို စွမ်းဆောင်နိုင်သော အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ အားကစားပစ္စည်းများ ပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)