သာယာဝတီမြို့နယ်အတွင်း ကွမ်းရွက်ဈေးကောင်းရသဖြင့် ဒေသခံကွမ်းစိုက် တောင်သူများအဆင်ပြေ

သာယာဝတီ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များဈေးကောင်းရနေသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကွမ်းစိုက်တောင်သူအချို့၏ပြောကြားချက်ရ သိရသည်။

ယခုကာလမှာ “ကွမ်းကအထွက်နည်းလာပြီ၊ အထွက်နည်းတော့ ဈေးတက်တာပေါ့၊ ကျွန်တော်တို့က နေ့စားမဌားဘဲ ကိုယ်တိုင်လုပ်တာဆိုတော့ ကျန်ပါတယ်၊ လွန်ခဲ့တဲ့နှစ်တွေက ရာသီဥတုမကောင်း ပိုးကလည်းကျနဲ့ ကွမ်းစိုက်သူတွေ တော်တော်ရှုံးခဲ့တော့ သိပ်မစိုက်ကြ တော့ဘူး၊ ကွမ်းမျိုးမပြတ်ရုံလောက်ဘဲ စိုက်ကြတယ်၊ ဒီနှစ်ကတော့ မဆိုးဘူးလို့ပြောရမှာပေါ့။ နေ့စားမငှားဘဲ ကိုယ်တိုင်လုပ်နိုင်ရင်တော့ကျန်ပါတယ်"ဟု မာလကာကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးကျော်ဦးက ပြောသည်။

ကွမ်းရွက် တိုင် ၁၀၀၀ စိုက်ပျိူးပါက ခန့်မှန်းကုန်ကျစားရိတ် ကျပ် ၁၀ သိန်းကျော်ခန့်ရှိပြီး အထွက်အကောင်းဆုံးအချိန်၌ တစ်ကြိမ်ခူးပါက ပိဿာချိန် ၅၀ ခန့်ရရှိကာ တစ်လလျှင် နှစ်ကြိမ်အရွက်ခူးနိုင်ကြောင်း ၎င်းကပြောသည်။

ယခု၌အရောင်းအဝယ် ပြန်လိုက်လာခြင်းနှင့်အတူ အထွက်နှုန်းကျချိန်လည်းဖြစ်ရာ ဈေးကောင်းရနေခြင်းဖြစ်ကြောင်း ကွမ်းရွက်အရောင်း ဝယ်လုပ်ကိုင်သည့် ကွမ်းဒိုင်အချို့က ပြောသည်။

ယခုနှစ်ကွမ်းစိုက်ရာသီတွင် ရာသီဥတုကောင်းမွန်ခဲ့သောကြောင့် အထွက်နှုန်းလည်း ကောင်းမွန်ခဲ့ကြောင်း လက်ရှိအချိန်တွင် ကွမ်းအရွက် တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိဈေးရရှိကြောင်း ယခင်က စီးပွားဖြစ် ကွမ်းစိုက်ပျိုးသူ အများအပြား ရှိခဲ့သော်လည်း သုံးနှစ်ဆက်တိုက်ခန့် မိုးရာသီတွင် မိုးများပြီး ရွက်ပုတ်(ဆစ်ပိုး)ကျ၍ ပျက်စီးမူများနှင့် နွေရာသီတွင် ရေပြတ်၍ အပင်သေဆုံးမူများကြောင့် ဆုံးရှုံးမူများရှိခဲ့ရာ ယခုအခါ စိုက်ပျိုးသူလျှော့နည်းလာကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းမှ ထွက်ရှိသည့်ကွမ်းရွက်များကို ဒေသတွင်းစားသုံးမှုအပြင် ပဲခူး၊ ပြည်၊ ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)