ငပုတော ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ မွန်းလွဲပိုင်း (၃)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ တွေ့ဆုံအားပေးခဲ့သည်။
ဦးစွာ အထက ငပုတောကျောင်းအုပ်ဆရာမကြီးမှ ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မာရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျောင်းသား၊ ကျောင်းသူ များကို အားပေးစကား ပြောကြားရာတွင် ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း နောက်ဆုံးနှစ် ဖြစ်၍ ၁၀၀ ရာခိုင်နှုန်းပြည့် အောင်မြင်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲအောင်ရန် အောင်စိတ်မွေး ကြိုးစားရမှာဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးသည် စာမေးပွဲဖြေဆိုသူအများဆုံးဖြစ်သလို အောင်ချက်အများဆုံး တိုင်းဒေသကြီးလည်းဖြစ် ကြောင်း၊ ရှေ့ဆက်ရမယ့်ခရီးကို အောင်မြင်စွာသွားရမှာဖြစ်ကြောင်း၊ စာမေးပွဲဖြေမည်ဆိုပါက အောင်ရမည့်စိတ် ရှိရမည်ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ယခု တစ်နှစ်ကို ကလေးတွေ စာမေးပွဲဖြေဆိုရန် အခွင့်အရေးပေး စေလိုကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှ သွားလိုသည့်လမ်းကြောင်းကို ရှေ့ဆက်သွားနိုင်မည်ဖြစ် ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရာနှုန်းပြည့် အောင်ရမည့်စိတ်ထားရှိပြီး အောင်စိတ်မွေး ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်ရန် စာကိုပုံမှန်ကျက်ပေးလျှင် အခက်အခဲမရှိကြောင်း တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၃၀)ဦးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆိုင်ရာ အထောက်အကူပြု ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ (Hand-Out) များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)