ပန်းတောင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး(၅)ကျောင်း စုစုပေါင်း(၁၆၅) ကျောင်းရှိရာ ခရိုင်စစ်(Grade-5) ကျောင်းသား/သူများအတွက် စာစစ်ဌာန(၈၂)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ တိုင်းစစ်(Grade- 9) ကျောင်းသား/သူများအတွက် စာစစ်ဌာန(၄၆)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)