အုတ်ဖို ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade- 9)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ခရိုင်စစ်(Grade-5) ကျောင်းသား/သူများအတွက် စာစစ်ဌာန (၉၇)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ တိုင်းစစ်(Grade-9)ကျောင်းသား/သူများအတွက် စာစစ်ဌာန(၃၄)ခု ဖွင့်လှစ်၍ ဖေဖော်ဝါ ရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေ သိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း ယနေ့တွင်(Grade-5) ကျောင်းသား/သူ (၁၆၈၄)ဦးနှင့်(Grade-9) ကျောင်းသား/သူ (၉၇၁) ဦးအထိ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ