ပဲခူးခရိုင် (Community Centre)ခန်းမတွင်  “လူငယ်နှင့်အားကစား” အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပဲခူး ဖေဖော်ဝါရီ  ၂၂

အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ခရိုင်ဦးစီးမှူး‌ ဒေါ်ယဉ်ဉ်နုက Talk  Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်များ၏ပင်ကိုယ်သဘာဝတွင် နုပျိုလန်းဆန်းသည်၊ သွက်လက်ထက်မြက်သည်၊  အရာရာကိုစူးစမ်းလိုသည်၊ အားအင်များ တဖြည်းဖြည်း တိုးပွားလာသည့်အရွယ်ဖြစ်သဖြင့် အားစမ်းလိုသည်၊ ယှဉ်ပြိုင်လိုသည် စသည့်စရိုက်များကို တွေ့ရတတ်ကြောင်း၊ အားကစားဆိုသည်မှာလည်း ကာယအင်အားနှင့် ဉာဏ်ရည်ကိုအသုံးချပြီး လှုပ်ရှားရသည့် ယှဉ်ပြိုင်မှုဖြစ်သဖြင့် လူငယ်များနှင့်လွန်စွာနီးစပ်ကြောင်း၊ တစ်နည်းအားဖြင့် လူငယ်နှင့် အားကစား ဒွန်တွဲနေသည်ဟုပင် ဆိုနိုင်ကာ လူငယ်များအနေဖြင့် ရေရေရာရာမရှိ၊ တွေငေး မောနေမည့်အစား စာကျက်ချိန်စာကျက်၊ ကျောင်းတက်ချိန်ကျောင်းတက်ပြီး အားလပ်ချိန်တွင် လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ဂိမ်းဆိုင်ထိုင်၍ အချိန်ဖြုန်းမည့်အစား မိမိအတွက် အကျိုးပြုမည့် အားကစားနည်း တစ်ခုခုကို လေ့လာလိုက်စားသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)