အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလေးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ

က‌လေး ဖေဖော်ဝါရီ ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်  ကလေးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်း၍ မိသားစုစိတ်ဓာတ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများအားလုံး တစ်နိုင်တစ်ပိုင် သီးပင်စားပင်များ စိုက်ပျိုးခြင်းဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြေရှင်းနိုင်ကြောင်း၊ ဝန်ထမ်းများ အခက်အခဲများရှိပါက ကူညီဖြည့်ဆည်း၍ ဖြေရှင်းပေးနိုင်ရန် ပွင့်ပွင့်လင်းလင်း တင်ပြနိုင် ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက်  ကလေးမြို့အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကို တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားကွင်းနှင့် အဆောက်အဦများ ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကောင်းခန့်