ပြည်မြို့ ခုတင်(၅၀၀)ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ကုသဆောင်ရွက်

ပြည် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်ပေးမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဉ်ပင်စင်ထုတ်ရက်နှင့် တိုက်ဆိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ အရိုးအကြောအထူးကုသပေးခြင်း၊ မျက်စိခွဲစိတ်ကုသပေးခြင်း၊ နား/နှာခေါင်း/လည်ချောင်းရောဂါများနှင့် အထွေထွေရောဂါများ စမ်းသပ်ကုသပေးခြင်းတို့ကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သက်ဆိုင်ရာကဏ္ဍအလိုက် အထူးကုသမားတော်ဆရာဝန်ကြီးများက ကျန်းမာရေးဆရာ၊ဆရာမများနှင့်အတူ စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆောင်ရွက်မှုတွင် ပြည်မြို့နယ်မှအငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၀၀)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှု  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ကိုစိုး(ပြည်)