ထားဝယ် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ် ၁၈ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းများမှာ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ကရာတေးဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ မြန်မာ့ရိုးရာခြင်းလုံး၊ ပြိုင်စက်ဘီး၊ အေရိုးဗစ် စသည်သင်တန်းများကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။
အဆိုပါ သင်တန်းများကို ရွှေဝယ်သီရိအားကစားကွင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံ အားကစားခန်းမ၊ ရွှေဝယ်သီရီအားကစားခန်းမ၊ ရွှေဝယ်သီရိတင်းနစ်ကွင်းနှင့် တင်းနစ်ကလပ်၊ ဖူဆယ်အားကစားရုံ၊ ရွှေဝယ်သီရိဂျူဒိုလေ့ကျင့်ရေးရုံ၊ ထားဝယ်ပညာရေး ဒီဂရိကောလိပ်များတွင် ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် အခြေခံပညာကျောင်းများတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)