လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

လှိုင်းဘွဲ  ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် လစဉ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိညာပေးTalk Show ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဝင်းမြတ်မူဝင်းထက်က ယနေ့ခေတ် ပညာရေး၊ စီးပွားရေး စသည့်နယ်ပယ်အသီးသီးတွင် အမျိုးသမီးများပါဝင်လာခြင်း၊ အမျိုးသမီးများအတွက် လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုရှိရေးသည် အလွန်အရေးကြီးခြင်း၊ အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းများ၊ အကြမ်း ဖက်ခြင်းများသည် အမျိုးသမီးများအပေါ် အဆိုးရွားဆုံလူ့အခွင့်အရေးချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ တန်ဖိုးနှင့်အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)