ကန့်ဘလူ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သားနှင့် ကြက်ဥသုံးလုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ဝေဒနာရှင်များအား သွေးပေါင်ချိန်ပေးခြင်း၊ သွေးချိုဆီးချို စစ်ပေးခြင်းနှင့် ရောဂါဝေဒနာအလိုက် စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)