ပုလောမြို့နယ်တွင် ဒေသထွက်ဓနိဖက် ဈေးကောင်းရရှိ

ပုလော  ဖေဖော်ဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်ဒေသထွက် ဓနိဖက်ဈေးကောင်းရရှိကာ ရောင်းအားမြင့်တက်လျက်ရှိကြောင်း ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ဓနိဖက်ကို ပင်လယ်ရေငံနှင့်နီးစပ်သည့် ချောင်းများတွင် ပေါက်ရောက်လေ့သည့် ဓနိပင်များမှ ရရှိပြီး၊ အဆိုပါ ဓနိပင်မှ ဓနိရည်အချို (ကောက်ညှင်းပေါင်းဖြင့်စားသုံးရ)၊ ဓနိရည်အချဉ် (အချဉ်ရည်၊ လျှာလကာရည် ပြုလုပ်ရာတွင် အသုံးပြုရ)၊ ဓနိရည်အခါး အပြင် ဒေသအခေါ်အဝေါ် ပျား(ခေါ်) သကြား(မုန့်အချိုပြုလုပ်ရာတွင် အသုံးပြုရ)၊ ဓနိပွင့်(ဓနိပန် အကျို) စသည့်တို့အပြင် ဓနိအရွက်ကို အသုံးပြု၍ ဓနိဖက်ကို  ပြုလုပ်ရောင်းချရကြောင်း သိရသည်။

အဆိုပါ ဓနိဖက်တစ်ရွက်မှာ အလျား ၃တောင့်၁ထွာ ရှိပြီး နေအိမ်အဆောက်အဦများနှင့် လယ်တဲများတွင် အမိုးများ၊ အကာများ ပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ ဓနိဖက်ဖြင့် မိုးထားသော နေအိမ်များသည် အပူအအေး မျှတမှုရှိကာ ကျန်းမာရေးနှင့် ညီညွတ်မှုရှိကြောင်း၊ ဓနိဖက် အရွက်(၁၀၀၀)ကို ငွေကျပ် ၂သိန်းခွဲမှ ၃သိန်း အထိ ရရှိကြောင်း ၊ ဒေသခံပြည်သူများမှ ဓနိဖက်ကို အခကြေးငွေဖြင့် ယက်လုပ်ကြသည့်အတွက် အလုပ်အကိုင် အခွင့် အလမ်းများရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)