ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာ မီးဘေးသင့်ပြည်သူများကို ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၃)စုအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယမန်နေ့က ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေး ပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် မီးဘေးသင့် အိမ်ထောင်စု(၁)စုလျှင် ဆန် ၁၆ ပြည်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ခြုံစောင်၊ ထမင်းချက်ဒန်အိုး၊ ဟင်းချက်ဒယ်အိုး၊ ဇွန်း၊ ပုဂံ၊ စတီးဇလုံ၊ ရေဖလား၊ ကတ်ကြေး စသည့် အိမ်အသုံးအဆောင်ပစ္စည်းများကို မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ  (ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးဘေး) အစရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းပြီး ထိခိုက်မှုများ ဖြစ်ပေါ်လာပါက နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ပြည်သူ့အကျိုးပြု လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ စားသောက်ကုန်ပစ္စည်းနှင့် အိမ်အသုံးအဆောင်/လူအသုံးအဆောင် ပစ္စည်းများကို ကူညီထောက်ပံ့ လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် ကူညီရေးပရဟိတအဖွဲ့မှ သိရသည်။    

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)