ဒေးဒရဲ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာခင်မောင်အေး(နှလုံး) ရေးသားသည့် လူရယ်လို့ ဖြစ်လာလျှင် စာအုပ်ပါ ကျန်းမာခြင်းရဲ့တန်ဖိုးဆောင်းပါး၊ အမျိုးသမီးများ ပတ်ဝန်းကျင်နှင့် ကိုယ်ကျင့်တရားဆောင်းပါးနှင့် လူငယ်များ သိသင့်သည်မှာ ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြားခဲ့ကြပြီး ဆောင်းပါးပါ အကြောင်းအရာများပါ ကျန်းမာရေး၏ တန်ဖိုးကို လူတိုင်းသိရှိနိုင်စေရေးအတွက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရေးနည်းစနစ်များ၊ အစားအသောက်ဖြင့် ရောဂါကာကွယ်ရေးနည်းစနစ်များ၊ ယနေ့ခေတ်တွင် အမျိုးသမီးများကဏ္ဍ အရေးပါသော်လည်း မြန်မာအမျိုးသမီးများ၏ အရှက်အကြောက်တရားကိုတန်ဖိုးထားသော ယဉ်ကျေးမှုလက်ကိုင်ထား၍ ကိုယ်ကျင့်တရားကို မြဲမြံထိန်းသိမ်းသွားကြရန်နှင့် တီထွင်မှု အားလုံးသည် စိတ်ကူးယဉ်မှုပေါ်တွင် အခြေခံကြသည်ပြီး နေ့စဉ်မြင်တွေ့နေရသည့် အသစ်အသစ်သော အားလုံးသည် စိတ်ကူးယဉ်တွေးခေါ်မှု ရလဒ်များဖြစ်၍ ကလေးများ၊ လူငယ်များ တီထွင်လိုသည့် စိတ်များ ဖြစ်ပေါ်လာစေရေးအတွက် ဖန်တီးပေးနိုင်ရန်စသည့် အသိပညာပေး အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Showများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း