ကလေး ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးမှ မျိုးစေ့၊ ပျိုးပင်နှင့် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်က ကလေးခရိုင်အတွင်းမြို့နယ်များ၏ စိုက်ပျိုးရေး အခြေအနေများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး ညှိုနှိုင်းမှုအဖွဲ့ဌာနများမှ ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများမှ ဧက ၅၀ အတွက် နွေစပါးမျိုး(GW11)များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ကွမ်းသီးပျိုးပင်များနှင့် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စိုက်ပျိုးရေးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဖိတ်ကြားထားသူများ၊ စံပြစိုက်ကွက်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ခရိုင်(ပြန်/ဆက်)