နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက် ဖေဖော်ဝါရီ  ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ရပ်ကွက်အလိုက် အရံမီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းထားရှိစေလိုကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များ ဆီသိုလှောင်ထားရှိမှုရှိ/ မရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးနိုင်ရန် စသည့်အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးဌေးမော်က မီးဘေးလုံခြုံရေးအတွက် ညဘက်တွင် ရပ်ကွက်အလိုက် မီးအသိပေးချက်များအား နှိုးဆော်ပေးကြရန်နှင့်  ရပ်ကွက်အလိုက် အရံမီးသတ် သင်တန်းများ ပေးသွားမည်ဖြစ်၍ သင်တန်းသား (၅၀)ဦးခန့်တက်ရောက်နိုင်ရေးနှင့် အရံမီးသတ်တပ်သားများကိုလည်း မီးသတ်ဝတ်စုံများကို ခြေမှခေါင်းအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆီဆိုင်ကြီးများတွင် မီးဘေးကြိုတင် ကာကွယ်နိုင်စေရန်  မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း