ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ပြုလုပ်

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဌာန အနေဖြင့် နွေစပါးစိုက်ပျိုးမည့် လျာထားချက်များကို ပြုစုတင်ပြရန်၊ စာမေးပွဲဖြေမည့်ကာလ၌ ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းစွာဖြေဆိုနိုင်ရန် ပညာရေးဌာနနှင့် ပူးပေါင်း၍ လုံခြုံရေးကိုအထူး အလေးထားဆောင်ရွက်ရန်၊  ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ကာကွယ်ဆေးတွေ ထပ်ရောက်ရှိလာရင် စာရင်းဇယားပြုစု၍ စနစ်တကျ ထိုးနှံပေးရန်၊ လျှပ်စစ်မီတာခများကို ပြည်သူများအနေဖြင့် ပေးဆောင်လာခြင်းများကို ယခင်ထက်တွေ့မြင်ရကြောင်းနှင့် ကျေးရွာပြည်သူများ လျှပ်စစ်မီတာခ လာရောက်ပေးဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊  အား/ကာ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူများအား နွေရာသီအားကစား သင်တန်းပို့ချရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ၊  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံနိုင်ရေး အခြေအနေများ၊ ဌာနအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)