လိပ်သိုမြို့၌ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဝါသနာရှင် ကလေးငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို  ဖေဖော်ဝါရီ  ၂၂

ကလေးငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့်စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့  မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုလေ့လာခြင်းဖြင့်  အသိပညာဗဟု သုတကြွယ်၀နိုင်ကြောင်း၊ ဗဟုသုတအထွေထွေဟာ စာအုပ်စာပေထဲမှာရှိကြောင်း၊ ရေရှည်အောင်မြင်ကြီးပွားချမ်းသာလိုသူဟာ စာဖတ်အားကောင်းဖို့လိုကြောင်း၊ စာဖတ်ခြင်းသည် ရေပြည့်အိုးကို ဖြစ်စေသည်။ စာဖတ်သူသည် လမင်း၏ အလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေမည်ဖြစ်ကြောင်း ဦးစွာဆွေးနွေး​ပြောကြားသည်။

ယင်းနောက် စာကြည့်တိုက်သို့ ပုံမှန်လာရောက်၍  စာအုပ်များငှါးရမ်းဖတ်ရှုလေ့ရှိသည့်  စာပေဝါသနာရှင်  နော်ကယ်ရိုလှိုင်းက  စာရေး ဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားသည့်   “ စာဖတ် ခြင်းအနုပညာ ” စာအုပ်မှ စာဖတ်ခြင်းနှင့် အတွေးအမြင် ခေါင်းစဉ်အောက်မှ စာဖတ်ခြင်းသည် မိမိဘ၀ကို ရှင်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တစ်နည်းအားဖြင့် ထမင်းစားခြင်းနှင့် သဏ္ဍာန်တူပေသည်၊ ကိုယ်စားမှ ကိုယ်၀ပေမည်၊ ကိုယ်ပညာရမည်၊ ဖတ်သမျှ စာပေထဲမှလည်း ကိုယ့်ဖို့တစ်ခုခု ကျန်အောင်ဖတ်နိုင်မှ အကျိုးရှိပေမည်၊ စာဖတ်ခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်ကြောင်းဖတ်ကြားပြီး စာအုပ်ကောင်းများကိုဖတ်ရှုခြင်းဖြင့် စိတ်နေသဘောထားပုံ ရင့်သန်ကြီးမြတ်ခြင်းကို ဖြစ်စေသည့် စာအုပ်ကောင်းများကို အမြဲဖတ်ရမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ခင်လေးနွယ် (လိပ်သို)