ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၄၃၂၃ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၄၃၂၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ငရုတ် ၁၄၀၅ ဧက၊ ကြက်သွန်နီ ၁၁၂၄ ဧက၊ ကြက်သွန်ဖြူ ၃၄ ဧက၊ အာလူး ၁၈ ဧက၊ အခြားဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၂၊ စုစုပေါင်း ၄၃၂၃ ဧကတို့ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနဲ့ မြေအောက်ရေတို့ကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာလဲ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် နေ့စဉ်ဝင်ငွေရရှိတဲ့ စားဖိုဆောင် သီးနှံတွေကို အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင် သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၄၀၇၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေက စားဖိုဆောင်သီးနှံစုံဧက ၄၃၂၃ ဧက စိုက်ပျိုးပြီးစီးခဲ့လို့ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပွင့်ဖြူမြို့နယ်ဟာဆိုရင် စိုက်ပျိုးရေနဲ့ စိုက်ပျိုးမြေ ကောင်းမွန်မှုတို့ကြောင့် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှု ရှိတဲ့အတွက် ဒေသခံ တောင်သူတွေက ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ဈေးကောင်းရရှိတဲ့ စားဖိုဆောင်သီးနှံများကို ရွေးချယ်အားထား စိုက်ပျိုးကြတယ်။ ဒေသခံတောင်သူတွေကိုလဲ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေဖို့ အတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစုပစ္စည်းတွေ စနစ်တကျသုံးစွဲရေး၊ သီးနှံများတွင် အစားအစာဘေးကင်းလုံခြုံစေရန်အတွက် သဘာဝပိုးသတ်ဆေးနဲ့ သဘာဝ မြေဩဇာများကို စနစ်တကျ ထုတ်လုပ်အသုံးပြုတတ်စေရေးစတဲ့ စိုက်ပျိုးရေးနည်းပညာများကို အသိပညာပေး ဆောင်ရွက် ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားဖိုဆောင်သီးနှံစုံ ၄၃၂၃ ဧက၊ ပဲမျိုးစုံသီးနှံ ၃၉၆၄၉ ဧက၊ ဆီထွက်သီးနှံစုံ ၂၂၁၈၃ ဧက၊ ဖူးစားပြောင်း ၂၀၄၈ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၄၂၅ ဧက၊ အခြား စားပင်သီးနှံ ၃၈၅ ဧက၊ စုစုပေါင်း ၇၆၀၁၃ ဧက စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရကာ ယခုအခါ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် စားဖိုဆောင်သီးနှံ စိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေမှုနှင့်  စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် ဖြစ်ထွန်းအောင်မြင်၍ သီးနှံများဆွတ်ခူး ရောင်းချနေရပြီဖြစ်ကာ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)