တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ တက်ရောက်၊ သားဖွားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး

မြိတ် ဖေဖော်ဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ) ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဆင်းပွဲနှင့် ထူးချွန်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ရာ သင်တန်းဆင်းပွဲကို သင်တန်းသား/သူများက “စေတနာလုပ်အားရှင်” ကြက်ခြေနီ ဂုဏ်ပြုတေးသီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)အနေဖြင့် တက္ကသိုလ် ကျောင်းသား/သူများကို လူမှုဝန်ထမ်းစိတ်ဓာတ်ရှိပြီး လူအများကို ကူညီတတ်စေရန် နှင့် မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများကို ရှေးဦးပြုစုခြင်း လုပ်ငန်းများဖြင့် ပြုစုပေးတတ်ရန်၊ ရုတ်တရက်ထိခိုက် ဒဏ်ရာရရှိမှုများကို ရှေးဦးပြုစုခြင်းပညာဖြင့် ကူညီတတ်စေရန် ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း အခြေခံအတတ်ပညာ တတ်မြောက်ထားခြင်းအားဖြင့် ကျန်းမာရေးအသိနှင့် ဗဟုသုတ အသိအမြင်များ တိုးတက်လာနိုင်မည့်အပြင် ရပ်ရွာ/လူထုအတွင်းသို့ ရှေးဦးပြုစုခြင်း လုပ်ငန်းများဖြင့် ပြန်လည်အကျိုးပြုပေးနိုင်မည့် အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မှာ ဖြစ်ကြောင်း၊ မြိတ်တက္ကသိုလ် ကျောင်းသား/သူများ အနေဖြင့်လည်း မိမိတို့တက္ကသိုလ်မှတဆင့် မိမိမြို့နယ်၊ ခရိုင်၊ တိုင်းသာမက နိုင်ငံတော်အတွက်ပါ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ လူမှုဂရုဏာလုပ်ငန်းများ ဆထက်ထမ်းပိုး ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က ထူးချွန်ဆု ရရှိသူသော သင်တန်းသား/သူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းနည်းပြ ဂုဏ်ပြုလက်ဆောင်၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းအောင်လက်မှတ် ရရှိကြသူများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှ မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)သို့ ပေးအပ်သော Advanced First Aid Kit ကို တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူးကပေးအပ်ရာ ဒုတိယပါမောက္ခချုပ်မှ လက်ခံရယူ၍ သင်တန်းသား/သူများက ကြက်ခြေနီ ရှေးဦးပြုစုခြင်းပညာပေး တစ်ခန်းရပ် သရုပ်ပြသခဲ့ကြရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေ (၂)သိန်းချီးမြှင့်ခဲ့ပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သားဖွားသင်တန်းကျောင်းသို့ရောက်ရှိခဲ့ကြ၍ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအား  ကြည့်ရှုအားပေးခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော် က အရန် သားဖွား(၆)လသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် သားဖွားသင်တန်း နှစ်အလိုက်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ဝန်ကြီးချုပ်က သင်တန်းကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သင်တန်းသူများအတွက် ဆန်နှင့်ထောက်ပံ့ငွေများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )