ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကံမ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေး လုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များနှင့် ဈေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးဖိုများကို အိမ်ပေါ်တွင် ထားရှိသုံးစွဲခြင်းမပြုရန်နှင့် (၃)ပေ ပတ်လည်၊ (၂)ပေ အနက် မီးကျင်းတူး၍ ချက်ပြုတ်သုံးစွဲရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင် မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့်မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)