ကော့ကရိတ် ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် ’’ပညာခေတ်ဖြင့် မြင့်မားသောစံချိန်’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရာ စာရေးဆရာ ဒေါက်တာနေဇင်လတ်ရေးသားသည့် ’’ပညာခေတ်ဖြင့် မြင့်မားသောစံချိန်’’ စာအုပ်မှ ’’အိုင်ကျူနှင့်အီးကျူ’’၊ အမှားနှင့်ကင်းသည့်လူ’’၊ ’’အလုပ်ဖြစ်ခြင်း မဖြစ်ခြင်း'' ခေါင်းစဉ်တို့ကို Book Club Womens Club Youth Club အဖွဲ့ဝင်များဖြစ်သည့် ဦးတင်မောင်လှ၊ ဦးကျော်ဇေယျ၊ ဒေါ်ခင်ကြူအေး၊ ဦးဖြိုးဝေ၊ ဒေါ်ချယ်ရီသင်းတို့မှ ဦးဆောင်ဆွေးနွေး ကြပြီး တက်ရောက်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ Club အဖွဲ့ဝင်များ၊ တောင်ကြာအင်းကျေးရွာ၊ တောင်ကမ္မရိုက် ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)