မေတ္တာမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ထားဝယ် ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုလျော့နည်းလာစေရန်နှင့် မီးလောင်ကျွမ်းမှုတစ်စုံတစ်ခုဖြစ်ပေါ်ပါက ချက်ချင်းသိရှိဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဌာနဆို်ငရာများပူးပေါင်း၍ အများပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မေတ္တာမြို့နယ်မြေမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးညီညီ ဦးဆောင်သောအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်ရှိ အာဇာနည်လမ်းမကြီးနှင့် လမ်းဆုံ၊ လမ်းခွများ၌ အများပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (191)စတေကာများအား မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များတွင် ကပ်နှိပ်ခြင်းများဆောင်ရွက်ပေးခဲ့သည်။

မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးသတ်ယာဉ်များ၊ အမြန်ဆုံးလာရောက်ငြှိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ မီးသတ်ဆေးဗူးဆောင်ထားသင့်ပုံ၊ ဓာတ်ဆီဖြည့်/ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း၊ မီးကျန်စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သူများ သတိထားလိုက်နာရမည့်အကြောင်းအရာများ၊ မီးဘေးနှင့်သဘာဝဘေးအန္တရယ်ဖြစ်ပေါ်ပါက (၂၄)နာရီအကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ (191) များပါရှိကြောင်း သိရသည်။

ငွေဇင်ယော်