လက်ပံတန်း-မိုးညို-နတ်တလင်း လမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-မိုးညို-နတ်တလင်း လမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေရင်းရန်ပုံငွေ ကျပ်သန်း ငါးရာ ဖြင့် လက်ပံတန်း- မိုးညို - နတ်တလင်းလမ်း မိုင် ၇/၂ မှ ၇/၅ ထိ ၃ ဖာလုံ ကွန်ကရစ်လမ်းခင်းရန် အခြေခံလွှာခင်းခြင်းနှင့် လမ်းမပေါ်ရှိ  တံတားအမှတ် (၁/၁၀) သံကူကွန်ကရစ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန်အမီ လုပ်ငန်းပြီးစီးရေးဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)