သနပ်ပင် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း သင်တန်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက မြို့နယ်၊ ကျေးရွာများရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပြီး ဆပ်ပြာပြုလုပ်ရာတွင် အဓိကပါဝင် ပစွည်းဖြစ်သော ကော်ဖီ၊ အားလူး၊ ဆား၊ ပျားရည်၊ ကော်လဂျင်၊ သံလွင်ဆီစသည့် ပစ္စည်းများကို အချိုးအစားမျှတအောင် ဇလုံတစ်ခုအတွင်းထည့်ပြီး ၂၀ မီနစ် ကြာသည်ထိ အပူပေးပြီး ပုံစံခွက်ထဲထည့်ကာ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်ပုံအဆင့်ဆင့်များကို စာတွေ့လက်တွေ့ သရုပ်ပြခြင်းများပြုလုပ်ခဲ့သည်။
အဆိုပါ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း သင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သင်တန်းကို မွန်းလွဲ(၁၂)နာရီမှ (၂)နာရီထိ ပို့ချခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)