ဘားအံခရိုင်  Community Centre  ခန်းမတွင်  စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ဘားအံ ဖေဖော်ဝါရီ  ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို ယနေ့မွန်းလွဲ  (၂) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပုဒ်မ ၄၃ အရ စီးပွားလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများနှင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် Website နှင့် Call Center သို့ တိုင်ကြားနိုင်မှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)