ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးရေကြီးနစ်မြုပ်ပျက်စီး လယ်ဧက(၁၉၀)အတွက် ထောက်ပံ့ငွေများပေးအပ်

ကြို့ပင်ကောက် စက်တင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက်  ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားသော စည်းကမ်းချက်များနှင့်အညီ တောင်သူများ အခက်အခဲ ပြေပျောက်စေရန်အတွက် မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့မှ ကျေးရွာသဘာဝဘေးကော်မတီအဖွဲ့ဥက္ကဋ္ဌများထံ ပေးအပ်ခဲ့ပြီး စိုက်ပျိုး ရေးဦးစီးဌာနမှ သက်ဆိုင်ရာကွင်းတာဝန်ခံများက ကျေးရွာသဘာဝဘေးကော်မတီဥက္ကဋ္ဌများနှင့်အတူ တောင်သူများ၏ လက်ဝယ်သို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာအုပ်စု များဖြစ်သည့် ညောင်ပင်မြင်းစီးကျေးရွာအုပ်စုရှိ တောင်သူ (၆)ဦး၏ လယ်(၁၇)ဧက၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စုရှိ တောင်သူ(၂၀)ဦး၏ လယ်(၇၅)ဧကနှင့် ရှားပင်ထကျေးရွာအုပ်စုရှိ တောင်သူ(၂၉)တို့၏ လယ်(၉၈)ဧကတို့အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ စုစုပေါင်းတောင်သူ ၅၅ တို့၏ ပျက်စီး လယ်ဧက ၁၉၀ အတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)